ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ဒီးမော့ဆို စက်တင်ဘာ ၂၈

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ Cash For Work စီမံကိန်းကို ဒေါဖု၊ ဒေါပဲ့၊ ဒေါပဲ့ဒူ၊ ဒေါလော်ခူ၊ ဒေါကော့၊ ဒေါဖာ၊ ဒေါတချ၊ ပန်ပက်ရွမ်းကူ၊ ပန်ပက်ကတဲကူ၊ ဆောင်လူးကနား၊ ထီးသဲကလိုး၊ ဒေါခူလီ၊ ဒေါတဒါး၊ ဒေါဗျားကူး၊ ဒေါခူသွဲ့၊ ဖဲလျား၊ ဒေါလျားခူ၊ ဟိုဝမ်အထက်၊ ခူးပရာအထက်၊ ခူးပရာရွာသစ်၊ သာဒေးခို၊ လိုပူနာယောင်လာ၊ ဒေါရောက်ခူတောင်၊ လေမအန်းခူ၊ ဒေါဝယ်ကူး၊ ငံရိုး၊ ကွိုင်ငံ၊ ကွိုင်ငံရွာသစ်၊ ဆော်ပထန်၊ အေနောင်ပုလဲ၊ ဒေါတဝီ၊ ခူးပရာပတိုငံ၊ ဒိုင်းလင်းအေးသာ၊ ဒေါစဲ၊ ဒေါတမြေးနှင့် တနီးလာလဲ ကျေးရွာ စသည့် ကျေးရွာ ၃၆ ရွာတွင် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ၇ ခု၊ ကျေးရွာ ခန်းမဆောင်ပြုပြင်ခြင်းလုပ်ငန်း တစ်ခု၊ ကျေးရွာခန်းမခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း တစ်ခု၊ စာသင်ကျောင်း ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း သုံးခု၊ မြေထိန်းနံရံပြုပြင်ခြင်းလုပ်ငန်း နှစ်ခု စုစုပေါင်း စီမံကိန်းလုပ်ငန်း ၃၈ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး  ယခုအခါ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကျေးရွာများရှိ ဒေသခံပြည်သူ ၁၄၀၀၀ ကျော်အား အကျိုးပြုလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောင်အဦဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကျေးရွာ တစ်ရွာလျှင် ငွေကျပ် ၁၀၀ သိန်း ထောက်ပံ့ပေးအပ်ကာ စီမံကိန်းလုပ်ငန်းတွင် လုပ်အားခ ရ၁ % ၊ ပစ္စည်း တန်ဖိုး ၂၉ % ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရီရယ်(ဒီးမော့ဆို)