မြိတ် ဖေဖော်ဝါရီ ၁၆
မြိတ်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု(ဖက်ရှင်)ပြိုင်ပွဲနှင့် ကျော်ကြားခဲ့သော တက္ကသိုလ်သီချင်းများ သီဆိုပြိုင်ပွဲကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ကကျင်းပ၍ သီချင်းဆိုပြိုင်ပွဲကို နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဝတ်စားဆင်ယင်မှု ပြိုင်ပွဲကို နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။
“မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ ဝတ်စားဆင်ယင်နေထိုင်မှုတွေကို အရိုးပေါ်အရွက် မဖုံးစေဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေတာ မှန်သော်လည်း မြန်မာတို့ရဲ့ အမျိုးသားရေး ယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ မပျောက်ကွယ်စေဖို့၊ ခေတ်အဆက်ဆက်က ဝတ်ဆင်လာခဲ့တဲ့ ဝတ်စားဆင်ယင်မှုတွေကို ခေတ်နှင့်အညီ ရင်ဘောင်တန်းပေမယ့် ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးစံတွေကိုမမေ့ဖို့ အဓိကရည်ရွယ် ချက်တွေနဲ့ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ပါတယ်” ဟု မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပြောသည်။
ရှေးဦးစွာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် တက္ကသိုလ်ကျောင်းသူလေးများက “တက္ကသိုလ်နန်း” သီချင်းဖြင့် အဖွင့်သီချင်း သီဆိုခဲ့ကြသည်။ ကျော်ကြားခဲ့ သော တက္ကသိုလ်သီချင်းများပြိုင်ပွဲတွင် တက္ကသိုလ်ကျောင်းသား (၈) ဦးနှင့် ကျောင်းသူ (၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များက ယှဉ်ပြိုင်ကြမည့် သီချင်းကိုမဲနှိုက်၍ သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။
ကျော်ကြားခဲ့သောတက္ကသိုလ်သီချင်းများ အမျိုးသားပြိုင်ပွဲတွင် နွေဦးကံ့ကော်၊ မောင့်သီရိမေ၊ အင်းလျားဆောင်သူလေး၊ ချစ်ရက်ရှည်ရှည်အင်းလျားမြေ၊ အဆောင်သူအလွမ်းပြေ၊ အနိုင်မယူသူအရှုံး သီချင်းများဖြစ်၍ အမျိုးသမီးပြိုင်ပွဲတွင် မာလာဆောင်မောင်မလာ၊ မှတ်မိသေးပါရဲ့လား ၊ ကျောင်းသီချင်း၊ ချစ်ရက်ရှည်ရှည် အင်းလျားမြေ၊ စွယ်တော်နှလုံးသား၊ သူငယ်ချင်းမောင်ဘဦး သီချင်းများဖြစ်ကြသည်။
ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု (ဖက်ရှင်) ပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/သူများက ပုဂံခေတ်၊ ရတနာပုံခေတ်၊ ကုန်းဘောင်ခေတ်၊ ကုန်းဘောင်ခေတ်နှောင်း၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ ကိုလို နီခေတ်၊ ကိုလိုနီခေတ်(ဘီအေ)၊ လွတ်လပ်ရေး ရပြီးခေတ်၊ မျက်မှောက်ခေတ် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများကို အတွဲ(၁၆)တွဲမှ အတွဲလိုက် ဝတ်စားဆင်ယင်ကာ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများကျင်းပစဉ် ဖျော်ဖြေရေးအစီအစဉ်များဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ တက္ကသိုလ်သီချင်းများပြိုင်ပွဲနှင့် ခေတ်အဆက် ဆက်ဝတ်စားဆင်ယင်မှု (ဖက်ရှင်)ပြိုင်ပွဲတို့၌ ဆုရရှိကြသည့် ကျောင်းသား/သူများအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )