မင်းဘူး ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ ပြည်သူများ အသုံးပြုသွားလာရာ လမ်းမများတွင် ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် လမ်းညွှန်အမှတ်အသားများ စိုက်ထူထားရှိမှု တစ်ပြေးညီဖြစ်စေရေးအတွက် မင်းဘူးခရိုင်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ သွားရောက်ကွင်းဆင်းပြီး ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မင်းဘူး-စကု-ပွင့်ဖြူ-စလင်း ကားလမ်းမတစ်လျောက် ပြည်သူများ အသုံးပြုသွားရာတွင် ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ထုတ်ပြန်ထားသော နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်များ၊ လမ်းအမှတ်သားများနှင့် အချက်ပြများကို မြို့နယ်အလိုက် တစ်ပြေးညီဖြစ်စေရေး မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်မှုရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုအပ်သောနေရာများတွင် ထပ်မံဖြည့်တင်းလုပ်ဆောင်သွားရန် မှာကြားဆောင်ရွက်ခဲ့ပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လမ်းညွှန်အမှတ်အသားများဆောင်ရွက်ရာတွင် နယ်မြေဒေသအတွင်းရှိ အဝေးပြေးလမ်းများ၊ ပြည်ထောင်စုလမ်းမကြီးများ၊ မြို့တွင်း/မြို့ပြင်လမ်းများ၊ မြို့နယ်/ခရိုင်ချင်းဆက်လမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ပြဌာန်းထားသည့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ (၂၀၂၂ ခုနှစ်)၊ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြညွှန်ကြားချက်များ (၂၀၂၂ ခုနှစ်) ထုတ်ပြန် ချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် သတ်မှတ်စံနှုန်းအတိုင်း တစ်ပြေးညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)