ခန္တီး စက်တင်ဘာ ၂၈
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဘာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေပေး၊ အလုပ်ပေးစနစ် (Cash For Work) စီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ကျေးရွာ ၁၃ ရွာတွင် စီမံကိန်းလုပ်ငန်း ၁၈ ခုဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ဖြူဟန်နွဲ့ထံက သိရသည်။
အဆိုပါ စီမံကိန်းကို ကျေးရွာ ၁၃ ရွာတွင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက် နေပြည်သူများ ဝင်ငွေရရှိရေးစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် တောင်ယာသွားလမ်း ဖောက်လုပ်ခြင်း၊ ဆိုင်ကယ်လမ်းဖောက်လုပ်ခြင်း၊ ကျေးရွာတွင်းရေနှုတ်မြောင်းတူးခြင်း၊ ကျောက်ရောမြေခင်းခြင်း၊ စာသင်ကျောင်း ခြံစည်းရိုး ကာရံခြင်းနှင့် ကျေးရွာဘောလုံးကွင်းဖော်ဆောင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ငွေပေး၊ အလုပ်ပေးစနစ် (Cash For Work) စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာများမှာ လဖက်ခင်း၊ ဖားမောင်၊ ကောင်းမှု၊ တိန်းအင်၊ လသာ၊ ကုန်းခေါင်၊ မက်ထောင်၊ မိုလွန်း၊ မောက်ခလောက်၊ မလန်ပိုင်၊ ချောင်းဝ၊ ကင်ကွန်နှင့် မောင်းတဲကျေးရွာတို့ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ဖြူဟန်နွဲ့ ပြောပြချက်အရ သိရှိရသည်။
စနေမောင်မောင်(ခန္တီး)