ဟုမ္မလင်းမြို့နယ်တွင် “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးများ ထိုးနှံပေး

ဟုမ္မလင်း ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် “ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင်၂၀၃၀”တွင် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ မင်းခန့်ဇော်က ခွေးရူးရောဂါသည် ယဉ်ပါးသည့်ခွေးက ဒေါသထွက်ခြင်း၊ ဒေါသထွက်သည့်ခွေးက မှိုင်ဝေခြင်း၊ အစာမစားခြင်း၊ သွားရည်များ လွန်ကဲစွာ ထွက်ကျနေခြင်း၊ ခွေးရူးရောဂါ သံသယခွေးကို (၁၄)ရက်ခန့် ခြံလှောင်စောင့်ကြည့်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။

ဆက်လက်၍ ဂရုစိုက်ရန်အချက်များဖြစ်သည့် မိမိအိမ်မွေးတိရိစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်၍ ပုံမှန်ထိုးနှံပေးခြင်းဖြင့်လည်း‌ကောင်း၊ အပြင်သို့ထွက်လျှင် မိမိခွေးကို ခွေးချည်ကြိုးဖြင့် ချည်ထွက်ခြင်းဖြင့်လည်းကောင်း၊ ခွေးကိုက်မိလျှင် ခွေးကိုက်သည့်ဒဏ်ရာကို ဆပ်ပြာ၊ ရေနှင့် ဆေးကြော၍ ကျန်းမာရေးဌာနသို့ သွားပြီး လျင်မြန်စွာ ကုသမှုခံယူကြရန်လည်း‌ကောင်း ဟောပြောဆွေး‌နွေးခဲ့သည်။

တဆက်တည်းမှာပင် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်အတွင်းရှိ အိမ်မွေးခွေးများအား  ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)