လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များအား Software Program အတွင်း ဖြည့်စွက်ပြင်ဆင်ထည့်သွင်းနေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဖေဖော်ဝါရီ ၁၅

ကယားပြည်နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီး မြို့နယ်(၅)မြို့နယ်၏လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များအား Software Program အတွင်းဖြည့်စွက်၊ ပြင်ဆင်၊ ထည့်သွင်းနေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ကွန်ပျူတာခန်းမ၌ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/)များ တိကျမှန်ကန်မှုရှိစေရေးအတွက် နိုင်ငံသားကိုယ်ရေး မှတ်တမ်းအချက်အလက်များကို e-ID စနစ်ဖြင့် HOUSEHOLD REGISTRATION SYSTEM အတွင်း ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်ရာတွင် မှန်ကန်တိကျမှုရှိအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သော မြို့နယ်(၅)မြို့နယ်၏လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များအား e-ID HOUSEHOLD REGISTRATION SYSTEM အတွင်း ဖြည့်စွက် ပြင်ဆင်၊ မှတ်ချက်ရေးသွင်းခြင်းလုပ်ငန်းအား ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွန်ပျုတာ ကျွမ်းကျင်ဝန်ထမ်း(၁၇)ဦးဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ထည့်သွင်းဆောင်ရွက်လျက်ရှိရာ (၈၃)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ဖေဖော်ဝါရီလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)