ပေါက်ခေါင်းမြို့နယ်၌  ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆောင်းရာသီစိုက် ဆီထွက်သီးနှံများ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးထားရှိ

ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် တောင်သူများ၏ လယ်ယာစိုက်ပျိုးမြေများတွင်  ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးသည့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ စုစုပေါင်း (၇၈၄၆) ဧက စိုက်ပျိုးခဲ့ရာ လျာထားချက်ထက်‌ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ တောင်သူများမှ ဆောင်းသီးနှံနေကြာကို သီးသန့်စိုက်ခင်းများဖြင့်‌သော်လည်းကောင်း၊ မတ်ပဲ၊ ပဲတီစိမ်းများနှင့်‌ရော၍လည်း ပင်ကြား၊ တန်းကြား သီးညှပ်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြသည်။‌ ဆောင်းနေကြာကို အိုင်ဇောက်ကျေးရွာအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာအုပ်စု၊ ဂွေးပင်ခုန်ကျေးရွာအုပ်စု၊‌ ဂွေးပင်ခုန်၊ ချောင်းကျိုး၊ သ‌ပြေတောင်ကျေးရွာအုပ်စု၊ သစ်ရောင်းပြန်ကျေးရွာအုပ်စုတို့တွင် နိုဝင်ဘာလအတွင်းက စိုက်ပျိုးပြီးစီးခဲ့ပြီး၊ အဆိုပါ ဆောင်းဆီထွက်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် သုံးသီးစားအဖြစ် နွေစပါးသီးနှံကို ဆက်လက်စိုက်ပျိူးမည်ဖြစ်ကြောင်း သိရသည်။

နေကြာသီးနှံစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် နေကြာမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းတာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုးပေးခြင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)