ကန့်ဘလူ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသားလူငယ်များ ပျော်ရွှင်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတ တိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြု တတ်လာစေရန်၊ ကာယဉာဏပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြပြီး ပြိုင်ပွဲများကိုလည်း ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးတို့က ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)