ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းကစတင်ပြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုး ရေလုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၃ - ၂၀၂၄ နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စတင်၍ တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေများကို စိုက်ပျိုး ရေ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
“ကျွန်တော်တို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ဖို့နဲ့ စိုက်ပျိုးရေလုံလောက်စွာရရှိဖို့အတွက် နှစ်စဉ် မဲဇလီ ရေလွှဲဆည်မှဆည်ရေများကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာ မြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ယခုနှစ် နွေသီးနှံစိုက်ပျိုး ရာသီမှာ ဒေသခံတောင်သူတွေ နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ဒီနေ့မနက် ပိုင်းကစပြီး ဆည်ရေဖြန့်ဝေပေးထားပါတယ်။ ယခုနှစ် ဆည်ရေပေးဝေမှုအနေနဲ့က တောင်မုန်းမြောင်းမ ကြီးဆည်ရေသောက်ဧရိယာမှာ နွေစပါးအတွက် ဖြန့်ဝေခြင်းဖြစ်ပြီး မြောက်မုန်းမြောင်းမကြီး ဆည်ရေ သောက်ဧရိယာမှာ နွေနှမ်းနဲ့ အခြားနွေသီးနှံအတွက် စိုက်ပျိုးရေဖြန့်ဝေပေးတာဖြစ်ပါတယ်။ စိုက်ပျိုးရေ ဖြန့်ဝေမှုကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကစပြီး ဇွန်လ(၁၅)ရက်နေ့အထိ အချိန်(၃)လကြာ ဖြန့်ဝေပေး သွားမှာဖြစ်ပြီး ဒေသခံတောင်သူ တွေကိုလည်း ဆည်ရေလေလွင့်ဆုံးရှုံးမှု မရှိအောင် စနစ်တကျ အကျိုးရှိရှိ ရယူသုံးစွဲကြဖို့ အသိပေးနှိုးဆော်ထားပါတယ်” ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၂၉၅၄၈ ဧက ၊ နွေနှမ်း ၂၇၁၉၃ ဧကနှင့် အခြား နွေသီးနှံ ၃၆၈၇ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နွေသီးနှံ စိုက်ပျိုးမှုစာရင်းများအရ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )