ပေါက်မြို့နယ် မန်ကျီးပင်ကျေးရွာ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 ပေါက်  စက်တင်ဘာ  ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံ ကိန်း စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အ ထည်ဖော်ဆောင်ရွက်လျှက်ရှိသော ကူးကားကျေးရွာအုပ်စု မန်ကျီးပင်ကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်၍ ကျေးရွာ စာသင် ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ နည်းပညာပံ့ပိုးမှု၊ ကျေးရွာလူထုများနှင့်အတူ ဖေဖော်ဝါရီ ၂၄ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးရွာစာသင်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၈၀)နှင့်၊‌ ကျေးရွာပြည်သူလူထု ထည့်ဝင်‌ ငွေ (၃၁၁၀၇၈၀)ကျပ်၊ စုစုပေါင်း (၁၁၁၁၀၇၈၀)ကျပ်ဖြင့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေရှိ ကျေးရွာစာသင်ကျောင်းဆောင်ကို လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတာဝန်ကျ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ကျေးရွာပြည်သူများနှင့်အတူ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။

ကျောင်းဆောင်သစ်တည်ဆောက်ပြီးစီးသဖြင့်  ကျေးရွာရှိ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာနှင့်လုံခြုံစိတ်ချစွာ ပညာသင်ကြားခွင့် ရရှိနိုင်တော့မည်ဖြစ်ကြောင်း မန်ကျီးပင်ကျေးရွာနေ ဦးဖိုးထွား၏ ပြောကြားချက်အရ သိရသည်။

ဉာဏ်တိုး​(ပေါက်)