ချောင်းဦး ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ဆောင်းနေကြာ မျိုးစေ့ထုတ်(၇၀) ဧကအား ထူးနီ၊ ပဲပြစ်တော၊ ကျီကုန်း၊ ချောင်းဦးတောင်ကျေးရွာများတွင် စိုက်ပျိုးထားရာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းနေကြာစိုက်ခင်းများ အပင်ဖြစ်ထွန်းမှုအားကောင်းပြီးပိုးမွှားရောဂါများ ကျရောက်မှု မရှိကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် ယူရီးယားမြေသြဇာများ၊ မျိုးစေ့ထုတ်နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပံ့ပိုးပေးနေကြောင်း မျိုးစေ့ထုတ်ဆောင်းနေကြာစိုက်ပျိုးနေသည့် တောင်သူများထံမှ သိရသည်။
ရေဆင်းစပ်မျိုး(၁) မျိုးစေ့ထုတ်စိုက်ခင်းများကို စိုက်ပျိုးရာတွင် တန်းကြား၂ပေ၊ ပင်ကြား၉လက်မ စိုက်ပျိုးထားရှိပြီး အဖိုလိုင်း ၂တန်း၊ အမလိုင်း ၄ တန်း စိုက်ပျိုးခြင်းဖြင့် ဝတ်မှုန်ကူးစက်မှုအား ကောင်းကြောင်း၊ နေကြာမျိုးစေ့ထုတ် စိုက်ခင်းများ အထွက်နှုန်းတိုးတက်မြင့်မားစေရန်အတွက် စိုက်နည်းစနစ်မှန်ကန်ရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ ကျင့်သုံးရေး၊ ဓာတ်မြေသြဇာများကို အချိန် ကိုက် အချိုးကျသုံးစွဲရေး၊ သဘာဝမြေသြဇာများအား ပေါင်းစပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးနည်းပညာများ ပညာပေးလျက်ရှိကြောင်း၊ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများကို ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ပွါးများလာစေရေး၊ စားသုံးဆီဖူလုံပိုလျှံရေးနှင့် တောင်သူများ ဝင်ငွေတိုး တက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ချောင်း ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)