ဖောင်းပြင်မြို့၌ စားသုံးသူများ နှစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် အသိပညာပေး (Talk Show) ဆောင်ရွက်

ဖောင်းပြင် ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှု ရှိစေရန်၊ ထုတ်ကုန်များကို သုတေသနလုပ်ငန်းများပြုလုပ်ပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ နှစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ သိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက ပြည်သူသို့ အသိပညာပေးလုပ်ငန်းလုပ်ငန်များ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်က ဌာနလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ စားသုံးသူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများ ဝယ်ယူသုံးစွဲကြရာတွင် နှစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အတွက် ပြည်သူများသိရှိရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထိုသို့ စားသုံးသူများ နှစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျန်းမာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲတို့နှင့်ပူးပေါင်းကာ ဆေးအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များ၊ စာသင်ကျောင်းများရှိဈေးဆိုင်များနှင့် မြို့မစည်ပင်သာယာဈေးတို့တွင်  တစ်လတစ်ကြိမ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကိုထွန်း(ပြန်/ ဆက်)