ရွှေကျင် ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များကိုပြောကြားပြီး စာအုပ်တွင်ပါရှိသော “အခန်း(၁)နှင့်အခန်း(၂)” ကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်ဆွေဆွေအောင်က “အခန်း(၃)နှင့်အခန်း(၄)” ကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်ခင်ဋ္ဌေးက “အခန်း(၅)နှင့် အခန်း(၆)” ကိုလည်းကောင်း၊ ဒေါ်ထွေးကြည်က “အခန်း(၇)နှင့် အခန်း(၈)” ကိုလည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူမှုဘဝအတွေ့အကြုံများ၊ အပြောအဆိုအနေအထိုင်များနှင့် သုတ/ရသ ရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိစေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများတိုးတက်လာစေရန် ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်