နိုင်ငံ့စီးပွားမြှင့်တင်ရေးပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံ အနက်မှ ၅ ဒဿမ ၈၉၄ ဘီလီယံကို ထုတ်ချေးပေးထားပြီး ကျန်ရှိသည့် ၂ ဒဿမ ၁၀၅ ဘီလံယံကို သတ်မှတ်ချက်များနှင့်ကိုက်ညီသူများအား ဆက်လက်ထုတ်ချေးပေးသွားနိုင်ရေး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီများမှ စိစစ်တင်ပြပေးစေလိုကြောင်း၊ ပြည်နယ်၏ စီးပွားရေးတောင့်တင်းခိုင်မာရေးသည် အဓိကကျပြီး စိုက်ပျိုးမွေးမြူရေး ကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ပိုမိုစိုက်ပျိုးမွေးမြူထုတ်လုပ်ကြဖို့လိုကြောင်း၊ ပြည်ပမှစားသုံးဆီ တင်သွင်းမှုကိုလျော့ချပြီး ပြည်တွင်း၌ ဆီဖူလုံပိုလျှံသည်အထိ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ အသားငါးကဏ္ဍဖူလုံပိုလျှံရေး ပြည်နယ်အတွင်း တိုးချဲ့မွေးမြူကြစေလိုကာ ပြည်နယ်၏စီးပွားရေးကိုမြှင့်တင်ရန် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ထုတ်လုပ်မှုအား တိုးမြှင့်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ထုတ်ချေးပေးထားသည့်မတည် ချေးငွေနှင့် ပတ်သက်၍ အမြဲမပြတ်စောင့်ကြည့်လေ့လာအကဲဖြတ်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က မြို့နယ်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးပေးထားမှု၊ ဆက်လက်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက် ထားရှိမှုနှင့်ပြန်လည်ကောက်ခံရမည့် အတိုးနှုန်းများကောက်ခံရရှိနိုင်ရေး တင်ပြဆွေးနွေးကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါး၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲ စိုက်ဧကများအတွက် ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ငါးမွေးမြူရေးကန်များ ဖော်ထုတ်မွေးမြူနိုင်ရေး၊ သီးနှံအလိုက်ငွေထုတ်ချေးစိုက်ပျိုးပြီးဧရိယာနှင့် ရိတ်သိမ်းထွက်ရှိမှုအခြေအနေ၊ ဆက်လက်ထုတ်ချေးပေးနိုင်ရန် တောင်သူများ၏အဆိုပြုတင်ပြချက်များနှင့် အတိုးနှုန်းကောက်ခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာခရိုင်မြို့နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြသည်။

တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)