ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် မဲရုံလုံခြုံရေးအတွက်အထူးရဲ၁၆၁ဦး ခန့်အပ်တာဝန်ပေးမည်

ပုလဲ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊   ယင်းမာပင်ခရိုင်၊  ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊  နိုဝင်ဘာ ၈ရက်တွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ  ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်  ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၆၁ဦးကို  ခန့်အပ် တာဝန်ချထားပေးမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပုလဲမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေးက“ကျွန်တော်မြို့နယ်မှာ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ရက်တွင်ကျင်းပ မယ့်အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း၁၆၁ရုံရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံအသီးသီးသို့   လာရောက်   ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် အထူးရဲအင်အား  ၁၆၁ဦးကို   ခန့်အပ်တာဝန်ပေးသွားမှာ  ဖြစ်ပါတယ်။

အထူးရဲများအနေဖြင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအပါအဝင်ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ( ၆၁ )ဖွဲ့နှင့် ပူးပေါင်းပြီး မဲရုံလုံခြုံရေးကို  တာဝန်ယူဆောင်ရွက်ပေးမှာ  ဖြစ်ပါတယ်။  နယ်မြေခံ ရဲတပ်ဖွဲ့အနေဖြင့်  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး  ရွေးကောက်ပွဲကာလမှာ  မဲဆန္ဒရှင်ပြည်သူများ မဲမပေးနိုင်အောင်  ဟန့်တားမှုများ    မဖြစ်ပေါ်စေရေး၊   မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်းမှာ   မလိုလားအပ်သော ပြဿနာ အနှောင့်အယှက်များ  မဖြစ်ပေါ်စေရေးနှင့် မူးယစ် သောက်စား  ရမ်းကားဆူပူမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ”ဟု ပြောပြသည်။

အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ၁၆၁ဦးကို အောက်တိုဘာ ၁ရက်မှ အောက်တိုဘာ၂၈ရက်အထိ သင်တန်းပေး၍ နိုဝင်ဘာ ၁၅ရက်နေ့အထိ ( ၄၆ )ရက် ခန့်အပ် တာဝန်ပေးမည် ဖြစ်ကြောင်းနှင့် အထူးရဲများအနေဖြင့်  ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့  ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက  သတ်မှတ်ချက်များနှင့် ကိုက် ညီလျှင် လျှောက်ထားနိုင်ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)