မြိတ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် လူမှုဖူလုံရေးရုံးနှင့် အကျုံးဝင်မှတ်ပုံတင်ထားသော Vantage ငါးအမှုန့်ကြိတ်စက်ရုံမှ အာမခံအလုပ်သမား(၃)ဦး လုပ်ငန်းခွင်ထိခိုက်သေဆုံးမှု အတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်များကို ၄င်းတို့၏မိသားစုဝင်များအား မြိတ်ခရိုင် လူမှုဖူလုံရေးရုံးမှ ယမန်နေ့ နေ့လယ်(၂)နာရီက Vantage ငါးအမှုန့်ကြိတ်စက်ရုံတွင် ပေးအပ်ခဲ့သည်။
ငွေလုံးငွေရင်း အကျိုးခံစားခွင့်အနေဖြင့် အာမခံအလုပ်သမားများ လုပ်ငန်းခွင် ထိခိုက် သေဆုံးခဲ့သည့် ဦးညီညီဇော်၏ကျန်ရစ်သူ အကျိုးခံစာခွင့် ပျမ်းမျှလစာ၏အဆ(၅၀)ဖြစ်သော (၇၂)သိန်းကျပ်ရရှိပြီး ဇနီးဖြစ်သူ ဒေါ်စိုးစိုးမော်ကလည်းကောင်း၊ ဦးထွန်းဝိုင်းခက်၏ကျန်ရစ်သူ အကျိုးခံစားခွင့်ပျမ်းမျှလစာ၏ အဆ(၃၀) ဖြစ်သော (၄၃)သိန်း(၂)သောင်းကျပ်ရရှိပြီး ဇနီးဖြစ်သူ ဒေါ်သင်းဇာခြည် ကလည်းကောင်း၊ ဦးဝင်းစိုး၏ ကျန်ရစ် သူအကျိုးခံစားခွင့် ပျမ်းမျှလစာ၏ အဆ(၃၀)ဖြစ်သော (၄၃)သိန်း(၂)သောင်းကျပ်ရရှိပြီး ဖခင်ဖြစ်သူ ဦးတင်ရွှေကလည်းကောင်း လူမှုဖူလုံရေးဥပဒေနှင့်အညီ ရရှိခဲ့ကြသည်။
လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်များ ပေးအပ်ရာတွင် မြိတ်ခရိုင် လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဦးဇော်မြင့်သောင်းက အကျိုးခံစားခွင့် ခွင့်ပြု ထုတ်ပေးရခြင်းအကြောင်းနှင့် (၂၀၁၂) ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ အကြောင်းကို ရှင်းလင်းပြောကြားပြီး အာမခံအလုပ်သမား(၃)ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှု အကျိုးခံစားခွင့် စုစုပေါင်း ကျပ်သိန်း (၁၅၀)ကျော်ကို ၄င်းတို့၏မိသားစုဝင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်းနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက်ပေးအပ် ပေးအပ်ခဲ့ကြသည်။
အကျိုးခံစားခွင့်ပေးအပ်ပွဲသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်ရှင်အလုပ်သမားညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ ကျန်ရစ်သူမိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး( ပြန်/ဆက် )