ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးတောင်သူများ ငှက်ပျောဈေးကောင်းမွန်လာသဖြင့် လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်ခြင်းနှင့် ငှက်ပျောဈေးကွက် အရောင်းအဝယ်ကောင်းမွန်လာ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်အတွင်းရှိ ငှက်ပျောစိုက်ပျိုး တောင်သူများ ထံက သိရသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲကြီး၊ ပဲနောက်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် အခြားစားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့ တောင်သူများမှာ ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် ကြကြောင်း သိရသည်။

ယခုနှစ် ပွင့်လင်းရာသီမှာ ပွင့်ဖြူမြို့နယ်က ငှက်ပျောစိုက်ပျိုးတောင်သူတွေ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာတယ်။ ပြီးခဲ့တဲ့လတွေက ငှက်ပျောဈေးကွက် အရောင်းအဝယ် မကောင်းခဲ့ဘူး ။ ဖီးကြမ်းငှက်ပျော တစ်ဖီးကို ငွေကျပ် ၆၀၀၊ ၇၀၀ ဈေးနဲ့ ရောင်းချခဲ့ရပြီး ယခု ပွင့်လင်းရာသီအစမှာ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၉၀၀၊ ၁၀၀၀ ဈေးနဲ့ ရောင်းချနေရတယ်။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျောပဲ ဖြစ်ပါတယ်။ ဖီးကြမ်း ငှက်ပျောက စားသုံးသူအကြိုက်တွေ့ကာ ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အားထားစိုက်ပျိုးကြတယ်။ ငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းက ကျွန်တော်တို့ဒေသမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ခုလိုငှက်ပျောဈေးကွက် ပြန်လည် ကောင်းမွန်လာတဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူတွေရော၊ တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေရော လုပ်ငန်း အဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူတစ်ဦးက  ပြောသည်။   

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)