ရွှေတောင် ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူလေးများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းနေအရွယ်ကလေးများအား နို့တိုက်ကျွေးခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.မ.က(မင်းတဲ)ကျောင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနို့တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်ရဲထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကျော်ဦးက ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းက ကျောင်းသား၊ ကျောင်းသူလေးများအား ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကိုယ်ကာယဖွံ့ဖြိုးလာစေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းပပစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ အေးချမ်းဝင်းနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ(၆၈)ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေးခဲ့ပြီး အပတ်စဉ်မြို့ပေါ်ရှိ ကျောင်း(၁၀) ကျောင်းသို့ တစ်လလျှင်နို့ပိဿာချိန်(၁၅၀) တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်( ပြန်/ ဆက်)