နတ်မောက် ဖေဖော်ဝါရီ ၁၄
နတ်မောက်မြို့နယ်တွင် ကျွဲ၊ နွားစာနှံစားပြောင်း၊ နေကြာနှင့် ကုလားပဲသီးနှံများစိုက်ပျိုးထားရှိရာ နှံစားပြောင်းများ၊ ကုလားပဲသီးနှံများကို ရိတ်သိမ်းကြပြီး ခြွေလှစ်လျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သော (၃)လခန့်က စိုက်ပျိုးထားရှိခဲ့သော ကုလားပဲသီးနှံများသည် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရင့်မှည့်လာသဖြင့် ကျေးရွာတောင်သူများသည် လယ်ယာလုပ်သားများခေါ်ယူကာ ရိတ်သိမ်းလျက်ရှိကြောင်း၊ ကုလားပဲသီးနှံများရိတ်သိမ်းပြီးပါက ကျယ်ကျယ်ပြန့်ပြန့်ရှိသည့် နေအိမ်ဝိုင်းအတွင်းရှိ မြေပြင်၌၎င်း၊ မြေကွက်လပ်ကျယ်ကျယ်တွင် တလင်းပြုလုပ်၍၎င်း၊ ရိတ်သိမ်းပြီး ကုလားပဲသီးနှံများကို (၅)ရက်မှ(၇)ရက်အထိ နေလှမ်းရကြောင်း နေလှမ်းပြီးခြောက်သွေ့မှုရှိမှသာ အစေ့များထုတ်ယူရရှိမှု အဆင်ပြေကြောင်း စျေးသာရွာမှ ကိုအောင်ဝင်းနိုင်က ပြောသည်။
“ကုလားပဲသီးနှံများကို ခြွေလှေ့အစေ့ထုတ်ရာမှာ စက်မှုထွန်းကားမှုမရှိသည့်အချိန်ကတော့ နွားတွေနဲ့တလင်းထဲမှာ ဖြန့်ထားတဲ့ ကုလားပဲသီးနှံပုံအပေါ်မှာနယ်ရပါတယ်၊ နွားနဲ့နယ်ရာတာက ဖုံ၊ သဲ၊ ဂဲပါတယ်၊ ဘန်း၊ စကာတွေနဲ့ပျာရတယ်၊ အချိန်ကြာပြီး နွားရောလူရော ပင်ပန်းတာပေါ့ဗျာ၊ အခုတော့စက်မှုထွန်းကားလာတဲ့အတွက် အင်ဂျင်တပ်ပြီးသား ကုလားပဲခြွေလှေ့စက်နဲ့ ခြွေလှေ့ရလို့အချိန်ကုန်သက်သာတယ်၊ ကုလားပဲစေ့တွေလည်း ဖုံ၊ သဲ၊ ဂဲ ကင်းတယ်၊ ကုလားပဲစေ့တွေကို အိတ်ထဲအပြောင်အစင် ထည့်လို့ရတယ်၊ စက်သုံးဆီစျေးတက်လာတော့ အခုနှစ်ကုလားပဲ ခြွေလှေ့ခအဖြစ် ကုလားပဲတစ်တင်းကို ၃၀၀၀/- နှုန်းယူပါတယ်” ဟုစက်ဆရာ ဦးမင်းအောင်က ပြောသည်။
တောင်သူများထဲမှထွက်ရှိသော ကုလားပဲသီးနှံများကို နတ်မောက်ကုန်စည်ဒိုင်များက တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၃၈၀၀ ကျပ်အထိ စျေးဖွင့်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မူမူစန်း