ပခုက္ကူမြို့၌ (၁၀၈)နှစ်မြောက် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၁၀၈)နှစ်မြောက် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မူလတန်းကြိုကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက “မြန်မာနိုင်ငံကလေးများနေ့ကို ၁၉၈၀ ခုနှစ်မှစတင်ပြီး ကလေးသူငယ်များ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများကို မြှင့်တင်ပေးသည့် လုပ်ငန်းတစ်ခုအဖြစ် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် နှစ်စဉ်ကျင်းပလျက်ရှိပြီး အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များဖြစ်သည့် မူကြိုကလေးဘဝမှစ၍  မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာရေးအထိ နိုင်ငံတော်၏စံပြပုဂ္ဂိုလ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် နိုင်ငံဂုဏ်တို့ကိုဖော်ဆောင်နိုင်သော လူတော်လူကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပျိုးထောင်ပေးလျက်ရှိကြောင်း” တို့ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ကျောင်း(သူရင်သွေးငယ်လေး)များက ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း၊ သီချင်း၊ ကဗျာနှင့်ပုံပြင်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး (၁၀၈)နှစ်မြောက် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့်ကလေးငယ်များအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)