ပြည် ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူသူများအား ခေတ်မီမွေးမြူရေး နည်းပညာရပ်များဖြင့် စနစ်တကျမွေးမြူနိုင်ရေးနှင့် နို့စားနွားမွေးမြူ ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်ခရိုင်ရုံး၌ ယမန်နေ့ နံနက် ၉ နာရီက “နို့စားနွားမွေးမြူထုတ်လုပ်ရေး ပညာပေးသင်တန်း” ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးလင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်ခရိုင်အတွင်း မြို့နယ်ဦးစီးမှူးများနှင့် ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့မှ နို့စားနွား လက်တွေ့မွေးမြူသူ သင်တန်းသား ၂၀ တက်ရောက်သည်။
အဆိုပါ ပညာပေးသင်တန်းတွင် စနစ်တကျနို့စားနွား မွေးမြူထုတ်လုပ်ခြင်းပညာ၊ နို့ပေးနွားမများ ပြုစုစောင့်ရှောက်ခြင်း၊ နွားငယ်လေးများနှင့် နွားမဒါန်းများအား ပြုစုစောင့်ရှောက်ခြင်းပညာ၊ နွားများတွင်ဖြစ်တတ်သော ရောဂါများနှင့် မေထုန်မဲ့သားစပ်ခြင်း ပညာရပ်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက သင်တန်းကာလ (၄)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ခရိုင်ရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)