တွန်းဇံမြို့၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပ

တွန်းဇံ ဖေဖော်ဝါရီ ၁၄

ချင်းပြည်နယ် တွန်းဇံမြို့တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ) အဆင့်(၃) ဆင့်ခွဲ၍ ပန်းချီ၊ကာတွန်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ စာသင်ခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်းပြိုင်ပွဲသို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြစိုး၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှန်းမုန်၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်နှင့် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်တို့က ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ပန်းချီ၊ ကာတွန်း ရေးဆွဲပြိုင်ပွဲတွင် အထက်တန်းအဆင့်ကို "မူးယစ်ဆေးရန် ဒို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံ အတွက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကို "မူးယစ်ကင်းစင် ဒို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်း အဆင့်ကို "ငါတို့ရဲ့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင် ကမ္ဘာဖန်တီးစို့" ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၄၇)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ ရရှိသူများက ခရိုင်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇိုဇွန်းပါလ်