ဇလွန် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၆၁)ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အင်္ဂဗိုလ်ပရိယတ္တိစာသင်တိုက် ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲကြီး၏ဥက္ကဋ္ဌ လယ်ဦးပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိသာရဒထံမှသာရဏိယသြဝါဒကထာများခံယူခြင်း၊ အနုမောဒနာတရားများနာကြားခြင်းနှင့် ပြုခဲ့သမျှသောကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက်ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲကြီးတွင် အောင်မြင်ကြသည့်သံဃာတော်များအား အောင်ဆုလက်မှတ်များချီးမြှင့်ခဲ့ကြပြီး (၆၁)ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်ပွဲအခမ်းအနားပြီးမြောက်ခဲ့သည်။
ယင်းနောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲကြီးတွင် အောင်မြင်ကြသည့် သံဃာတော်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။
ဝေယံ
ဇလွန်(ပြန်/ဆက်)