မြို့သစ် စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့သစ်မြို့၊ စည်ပင်သာယာနယ်နိမိတ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် ပါဆယ် (Take-away)စနစ်ဖြင့်သာ ရောင်းချသွားရန် ယမန်နေ့က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲဇော်မင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးကံချွန်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး တို့က မြို့သစ်မြို့ စည်ပင်သာယာနယ်နမိတ်တွင် ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးအကြော်ဆိုင်များ၊ အသုပ်ဆိုင်များ၊ ထမင်းဆိုင်များအား ပါဆယ်စနစ် (Take-away) ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်တား ဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင် ရွက်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ထမင်း ဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ယခင်ခွင့်ပြုခဲ့သော ဆိုင်ထိုင်စားသောက်ခြင်းမဟုတ်ဘဲ Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန် စစ်ကိုင်းတိုင်း စည်ပင် သာယာရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့သစ်မြို့ စည်ပင်သာယာ ရေးအဖွဲ့မှ ထပ်ဆင့် အသိပေး အကြောင်းကြား ထားပြီးဖြစ်၍ ပထမအကြိမ် ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)