ရေဖြူ ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်သည်မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး၍ ဖြစ်ထွန်းသောဒေသတစ်ခု အပါအဝင်ဖြစ်သည်။ကွမ်းသီးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ အောက်ရှိသောအရပ်၊ ရေမဝပ်သောနုံးမြေတွင် စိုက်ပျိုးဖြစ်ထွန်း သည်။ ရေဖြူမြို့နယ်သည် မြစ်ချောင်းပေါများ၍ မြစ် ချောင်းကမ်းပါးတစ်လျှောက် တောတောင်ချိုင့်ဝှမ်းများ၊ ကိုင်းကျွန်းများတွင် စိုက်ပျိုးကြသည်။
ကွမ်းသီးပင်ကို စိုက်ပျိုးရာတွင် အဓိကအချက်မှာ မိုးရာသီတွင် ရေမဝပ်စေရန်နှင့် နွေအခါတွင် ရေလုံလုံလောက်လောက် ပေးရန်ဖြစ်သည်။ ရေဝပ်သောနေရာတွင် စိုက်ပျိုးပါက မြောင်းဖော်၍ ဘောင်ပေါ်တွင် စိုက်ပျိုးခြင်း နွေအခါရေရရှိစေရေး ရေတင်ရေဖျန်းပေးခြင်း ပြုလုပ်ပေးရသည်။
ဇန်နဝါရီ၊ ဖေဖော်ဝါရီလလောက်တွင် ကွမ်းသီးအရင့်အမှည့်ကို အပင်မှခူးချွေပြီး အလုံးငါးရာ တစ်အိတ်ထည့်ပြီး ရေထဲတွင်အခွံများရှုံ့တွလာသည်အထိ ရေစိမ်ပေးထားရသည်။ နှစ်ပတ်ခန့် အကြာရေထဲမှ ကွမ်းသီးများကိုဆယ်ယူပြီး အရိပ်ထဲတွင်ထား၍ တစ်လအကြာအစို့ အညှောက်လေးများ ထွက်လာသောအခါပျိုးအိတ်ထဲထည့်ပြီး ပျိုးထောင်ထားနိုင်သည်။တစ်ချို့က မြောင်း ဘောင်ပြုလုပ်၍ မြေကြီးပေါ်တွင်အမှည့်လုံးများကို ရေမှန်မှန်လောင်းပေးခြင်းဖြင့် ပျိုးထောင် စိုက်ပျိုးနိုင်သည်။ အပင်ရှင်သန်မှ၊ အောင်မြင်မှုမှာ ပျိုးအိတ်နှင့်ပျိုးထောင်စိုက်ပျိုးသောအပင်မှာ ပိုအောင်မြင်ဖြစ်ထွန်းသည်။
ပျိုးခင်းတွင် ပျိုးပင်ကလေးများကြီးပြင်းနေစဥ်တောချုံများကို ရှင်းလင်း၍ စိုက်ခင်းမြေပြင်ခြင်းများပြုလုပ်ရသည်။ မိုးဦးကျအချိန်သည်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သဖြင့် ကျင်းများ တစ်ခုနှင့်တစ်ခု ၆ပေထက်မနည်းအကွာ၊ ၈ပေအကွာအဝေးမှာ အကောင်းဆုံးဖြစ် သည်။ ကွမ်းသီး ပင်သည် စစိုက်ခါစတွင် နွေအခါအရိပ်လိုအပ်သဖြင့် အရိပ်ရသည့်အပင်အနည်းငယ်ထားပေးရသည်။
ကွမ်းသီးပင်သည် အများအားဖြင့်မြေဩဇာနှင့်ရေလုံလောက်စွာရလျှင် အပင်သက်တမ်း ၅ နှစ် ၆ နှစ်တွင် စတင်သီးသည်။ ကုန်းမြင့်တက်လျှင် ၁၀နှစ်သားရှိမှ စတင်သီးတတ်သည်။ ကွမ်းသီးပင်သည် တပေါင်း၊ တန်ခူးတွင်စတင်ပန်းပွင့်ကြပြီး သီတင်းကျွတ် ၊ တန်ဆောင်မုန်းလ တွင် အရင့်မှည့်ကိုစတင်ဆွတ်ခူးနိုင်သည်။ စတင်သီးသည့်နှစ်တွင် တစ်ပင်အလုံး ၃၀/၅၀ လောက်သာ သီးသော်လည်း နောက်ပိုင်းနှစ်များတွင် သုံးခိုင်မှငါးခိုင်ကြား၊ အလုံး ၂၅၀ မှ အလုံး ၅၀၀ ကြားသီးသည်။
ကွမ်းသီးအလုံးတစ်ထောင်လျှင်အခြောက်သား ၆ပိသာကျော်ရရှိနိုင်ပြီး ပုတ်သိုးတတ်သော ကုန်စိမ်းမဟုတ်သည့်အတွက် တောင်သူများအတွက် တွက်ခြေကိုက်သည်။ ပြည်တွင်းစားသုံးမှု အပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ပါ တင်ပို့ရောင်းချကြသည်။
အရွယ်ရောက်ကွမ်းသီးပင်တစ်ပင်လျှင် အကြီးအသေးအလုံး ၃၀၀ကျော်ထွက်ရှိရာ တစ်ပင်လျှင် ၅၀၀၀ကျပ်ခန့်အနည်းဆုံးရရှိနိုင်သည်။ ထို့ကြောင့် ရေဖြူမြို့နယ်ရှိကျေးရွာအနှံ့အပြားတွင် အပင် ရာဂဏန်းမှသည် ဧကဆယ်ချီစိုက်ပျိုးကြသည်။ တစ်နှစ်ဝင်ငွေ ဆယ်သိန်းမှသိန်းရာချီရရှိသောကြောင့် ကွမ်းသီးပင်ကို ရေဖြူမြို့နယ်ရှိ ကျေးရွာအနှံ့အပြားတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး မိုးရာသီတွင် စိုက်ပျိုးရန်ပျိုးထောင်ထားရှိနေပြီဖြစ်သည်။
ခတ္တာ(ရေဖြူ)