ဘားအံ ဖေဖော်ဝါရီ ၁၃
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့်ဆောင်ရွက်သော စမ်းပွင့်အဆင့်မြင့် ဆီစက်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံစက်မှုဇုန်ရှိ အဆိုပါဆီစက်တည်နေရာ၌ ကျင်းပခဲ့သည်။
စမ်းပွင့်အဆင့်မြင့်ဆီစက်သည် တစ်ရက်လျှင် မြေပဲဆံပိဿာချိန် ၁၀၀၀ ခန့်ကြိတ်နိုင်ပြီး ဆီပိဿာချိန် ၄၀၀ ခန့်ထွက်ရှိနိုင်ကာ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အနေဖြင့် ဆီဖူလုံမှုမှာ ၇၂ ရာခိုင်နှုန်းခန့်သာရှိ၍ ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုး၍ ဆီထုတ်လုပ်မှုများတိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်လျက်ရှိရာ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ပြည်ပမှစားသုံးဆီ တင်သွင်းမှုလျော့ကျစေရေး၊ အရည်အသွေးကောင်းမွန်သော စားသုံးဆီများ ထုတ်လုပ်နိုင်ရေးတို့အတွက် ဒေသတွင်းဆီစက်လုပ်ငန်းရှင်များကို စုစည်းပြီး သမဝါယမအသင်းဖွဲ့စည်းစေ၍ ငွေကျပ် သန်း ၇၃၀ အား မတည်ထောက်ပံ့ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်စေခဲ့ကြောင်း၊ ဒေသထွက် မြေပဲနှင့် ဆီထွက်သီးနှံများကို ဝယ်ယူ၊သိုလှောင်၊ကြိတ်ခွဲ၍ ဒေသခံပြည်သူများစားသုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး အဓိကထားဆောင်ရွက်ပြီး ပိုလျှံပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိန်လွင်က စက်မှုဇုန် Update အခြေအနေနှင့်ဆီစက်တည် ဆောက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး စမ်းပွင့်ဆီစက်လုပ်ငန်းရှင်ဦးမြင့်ဦးက ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ဆီစက်အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် အဆင့်မြင့်ဆီစက်သည် ဒေသတွင်းဆီစက်လုပ်ငန်းရှင်များစုစည်း၍ သမဝါယမအသင်း ဖွဲ့စည်းပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့သော စက်ရုံတစ်ရုံဖြစ်ကာ ဆီစက်အားအချိန်ပြည့်လည်ပတ်ကြိတ်ခွဲနိုင်စေရန် ကုန်ကြမ်းများပြတ်လပ်မှု မရှိစေရေးထွက်ရှိလာသည့်ကုန်ချောများအား ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ဒေသတွင်းဆီစားသုံးမှု ဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)