ဒေးဒရဲ ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နေ့ကလေးထိန်းကျောင်းတွင် ကလေးငယ်များ ဉာဏ်ရည်ထက်မြက်ပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကျောင်းတွင်းကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီက အမှတ်(၃) ရပ်ကွက်ရှိ နေ့ကလေးထိန်းကျောင်း၌ကျင်းပရာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့်အဖွဲ့ဝင်များ၊ ကျောင်သား၊ ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ပြိုင်ပွဲများပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာကျောင်းသား၊ ကျောင်းသူများက ပင်ပေါင်ဇွန်းကိုက်၊ အာလူးကောက်၊ မုန့်စား၊ စကောရွက်၊ ပူပေါင်းဖောက်စသည့် အားကစားနည်းများနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် တာဝန်ရှိသူများကဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေဇာလင်း