ဖျာပုံ ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက် အမှတ်(၂) အခြေခံပညာ အလယ်တန်း ကျောင်းနှင့် အမှတ်(၄)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းများတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးက အမှတ် (၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိဒေါ် ရွှေဝါခိုင်က အမှတ် (၁၉) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လည်းကောင်း၊ အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ဥပဒေစည်းကမ်းနှင့်အညီ ဆောင်ရွက်သည့် မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေး လုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်း ထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်၊ တည်ဆောက်ရေး လုပ်ငန်းထွက် အမှိုက်နှင့် သာမန်အမှိုက်စသည့် အမှိုက်အမျိုး အစားများအကြောင်း၊ အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေနှင့် မိမိနေအိမ်မှ စတင်၍ မိမိ ပတ်ဝန်းကျင်၊ ကျောင်းများတွင် အမှိုက်ကိုစနစ်တကျ ခွဲခြားစွန့်ပစ်သည့်အလေ့အထ ကောင်းများ ဖြစ်ပေါ်စေရေး ပညာပေးဆွေးနွေးဟောပြောခဲ့ပြီး သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)