ပိုင်ကျုံ ဖေဖော်ဝါရီ ၁၃
နိုင်ငံတစ်ဝန်းရှိ ကျောင်းသားလူငယ်မောင်မယ်များ စိတ်အေးချမ်းသာစွာ ပညာလေ့လာသင်ယူနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပေါင်ကျေးရွာအုပ်စု၊ ပေါင်ကျေးရွာရှိ အ.ထ.က ပေါင်ကျောင်းတွင် (၁၂၀ပေx၂၄ပေ)ရှိ အုတ်ညှပ်သွပ်မိုး နှစ်ထပ်ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းပြီး RCCဖြင့် ( ၁၃၀ပေ× ၃၀ပေ)ရှိ နှစ်ထပ် ကျောင်းဆောင်သစ် တစ်လုံးတည်ဆောက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်(၃၀၄.၂၀၀)သန်းဖြင့် Gold-46ကုမ္ပဏီမှ တာဝန်ရှိသူများတို့မှ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း စတင်တည်ဆောက်ပေးခဲ့ရာ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ (၄၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း၊ ယင်းကျောင်းဆောင်သစ်အား သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာပြီးစီးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထိုကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးပါက အ.ထ.ကပေါင်ကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် စိတ်အေးချမ်းသာစွာနှင့် အဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)