ရှမ်းရွာသစ် ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့်စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး နောက်ဗိုလ်ချုပ်အောင်ဆန်း၏ဘဝဖြစ်စဉ် အကြောင်းအရာများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုး ဆက်မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ပေးခြင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပါဆယ်ဂိမ်းပစ်နည်းပြိုင်ပွဲများကို ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့်ကျောင်းသား/သူ (၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များနှင့်ပတ်သက်၍အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့်ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)