မယ်စဲ့မြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကျင်းပ

မယ်စဲ့ ဖေဖော်ဝါရီ ၁၃

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီနာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ကျောင်းအဆင့်ကျောင်းကျန်းမာရေး လုပ်ငန်းတာဝန်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အားလုံးပါဝင်လှုပ်ရှားစေလိုကြောင်းနှင့် ကော်မတီဝင်များမှလည်း ကျောင်းကျန်းမာရေး၏ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်စေရေး ဖြည့်စွက်ဆွေးနွေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဆရာမ ဒေါ်နန်းဝင်းကြည်က ကျန်းမာရေးဌာနအနေဖြင့် ကျောင်းများတွင် လအလိုက် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ ချမှတ်၍ သတ်မှတ်လများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးသည်။

ထို့နောက် အ.ထ.က(မယ်စဲ့)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာသန်းက ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ ဆက်)