ပွင့်ဖြူမြို့နယ်၌ စားဖိုချောင်သီးနှံစုံ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုနေ့စဉ်ဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိသည့် စားဖိုချောင်သီးနှံစုံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် စားဖိုချောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျ အကျိုးရှိစွာအသုံးချပြီး နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင် ဟင်းသီးဟင်းရွက် သီးနှံများဖြစ်သည့် ခရမ်းချဉ်၊ ဘူး၊ ဖရုံ၊ သခွါး၊ ခရမ်း၊ မုံလာဥနီ၊ မုံလာဥဖြူ၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ဆလပ်၊ မုံညှင်း၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲသီး၊ ပဲရှည်သီး၊  ငရုတ်၊ ကြက်သွန် စသည့် သီးနှံများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဒေသမှာ တောင်သူအများစုက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြတာပါ။ စိုက်ပျိုးရေ ဖူလုံတဲ့အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးတဲ့ သီးနှံတွေကတော့ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ ပဲစင်းငုံ၊ ဖူးစားပြောင်းသီးနှံတို့ကို စိုက်ပျိုးတာဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ ဒေသခံတောင်သူတွေဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံ အပိုဝင်ငွေရရှိအောင် စားဖိုးဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရေး လုပ်ငန်းကို တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စားဖိုဆောင်သီးနှံ ဟင်းသီး ဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းက အခြားသီးနှံတွေထက် စီးပွားရေးတွက်ခြေကိုက်တယ်ဗျ။ စားဖိုဆောင်သီးနှံစိုက်ပျိုးရာတွင် ဘူးနဲ့ ဖရုံသီးနှံကတော့ အသီးရော ၊ အညွန့်ရော (၂)မျိုး ဆွတ်ခူးရောင်းချရလို့ ပိုပြီးဝင်ငွေကောင်းပါတယ်။ ဒါ့ကြောင့် ဒေသခံတောင်သူတွေက မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေ ရရှိအောင် စားဖိုဆောင် ဟင်းသီးဟင်းရွက်သီးနှံကို အားထားလုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)