ထီးချိုင့် စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းကျေးရွာ ( ၆ ) ရွာတွင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ကြောင်းသိရပါသည်။
ကိုဗစ် - ၁၉ ရောဂါကာလအတွင်း Cash For Work စီမံကိန်းလုပ်ငန်းများကို ကျေးလက်နေပြည် သူများ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်စေခဲ့ပြီး စီမံကိန်းကျေးရွာ ( ၁ ) ရွာလျှင် ငွေကျပ်သိန်း (၁၀၀) နှုန်းဖြင့် ပစ္စည်းတန်ဖိုး ( ၄၀ ) ရာခိုင်နှုန်း၊ လုပ်အားတန်ဖိုး ( ၆၀ ) ရာခိုင်နှုန်းဖြင့် ကွန်ကရစ်ဘီးလမ်းနှင့် မြေသားလမ်းခင်းခြင်းလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် ခဲ့ရာ ယခုအခါ (၁၀၀)ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း သိရပါသည်။
ထီးချိုင့်မြို့နယ်တွင် Cash For Work စီမံကိန်းဆောင်ရွက်ခဲ့သော အုတ်ဆုံကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ( ၈၅၀ )ပေနှင့် မြေသားလမ်း (၁၀၀၀) ပေ၊ ဖုန်ကုန်းကြီးကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ( ၁၃၀၀ ) ပေ၊ ချိတ်သင်ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ( ၇၀၀ ) ပေနှင့် မြေသားလမ်း (၁၀၀၀) ပေ၊ ဘိုကုန်းကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း (၁၀၀၀) ပေ၊ ဝန်တင်ကုန်းကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း (၇၀၀) ပေနှင့်မြေသားလမ်း (၉၀၀) ပေ၊ ဇီးသောင် ( အရှေ့ )ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ( ၉၀၀) ပေနှင့် မြေသားလမ်း ( ၈၀၀ ) ပေတို့အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါသည်။
ရဲလင်းထွန်း ( ထီးချိုင့် )