ပြည် ဖေဖော်ဝါရီ ၁၃
၂၀၂၃ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်ရည်ရွယ်ချက်ဖြင့် ယမန်နေ့ညနေ ၅ နာရီက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီရိခေတ္တရာဂေါက်ကလပ်၌ ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဂေါက်ကလပ်ခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်ဘက်၊ နယ်ဘက်/ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သီရိခေတ္တရာဂေါက်ကလပ်အဖွဲ့ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများတက်ရောက်သည်။
အခမ်းအနားတွင် သီရိခေတ္တရာဂေါက်ကလပ်နာယက၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးက တက်ရောက်လာကြသူများကို ဦးစွာနုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက်အဆိုပါဂေါက်ကလပ်ကပ္ပတိန် ဦးမောင်မောင်အေးက ကျေးဇူးတင်စကားပြောကြားပြီး ဂေါက်ကလပ် ခန်းမဆောင်သစ်အား တာဝန်ယူတည်ဆောက်ပေးခဲ့သူ အလုပ်အမှုဆောင်အဖွဲ့ဝင် အင်ဂျင်နီယာဦးဇော်မိုးလွင်က အဆောက်အဦဆောက်လုပ်ခဲ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးက ခန်းမဆောင်သစ် ရှေ့မျက်နှာစာရှိ ဂေါက်ကလပ် Logo နှင့် ရွှေရောင်စာလုံးဆိုင်းဘုတ်သစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ခန်းမဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ဆက်လက်၍တာဝန်ရှိသူများက သီရိခေတ္တရာဂေါက်ကလပ်၌ ယမန်နေ့နှင့်ယနေ့ကျင်းပခဲ့သည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ ဆက်)