ပွင့်ဖြူ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က ပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူတိုင်း မည်သူမဆို လာရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း) က စာရေးဆရာ သုတေသီဘုန်းမြင့်သွေးရေးသားသည့် "လူတောတိုးဖို့ လူရာဝင်ဖို့" စာအုပ်တွင်ပါဝင်သော လူမှုအသိုင်းအဝန်း၌ လူတော်လူကောင်းများဖြစ်စေရေး ပင်ကိုယ်အရည်အချင်းနှင့် ကံ၊ ဉာဏ်၊ ဝိရိယ၊ ဇွဲလုံ့လ တို့ဖြင့် ပေါင်းစပ်ကြိုးစားမှသာ အောင်မြင်တိုးတက်သူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ တစ်ချို့သောသူများတွင် မိမိ၏ကိုယ်ပိုင်အရည်အချင်းနှင့် မအပ်စပ်သော အလုပ်အကိုင် များကို လုပ်ကိုင်နေ၍ ဆန္ဒနှင့်လက်တွေ့ဘဝ၌ ဆုံးရှုံးမှုများနှင့်သာ ကြုံတွေ့နေရကြောင်း၊ တစ်နည်းအားဖြင့် "ကျွဲပါးစောင်းတီးသလိုမျိုး" ပိုးသာကုန် မောင်ပုံစောင်းမတတ်သလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ လူသားတိုင်းအတွက် ငွေရှိလျှင်လူရာဝင်သည်ဟုဆိုသော စကားမှာမဖြစ်နိုင်ကြောင်း၊ လောကတွင် ငွေနှင့်လုပ်လို့မရသော ကိစ္စများစွာရှိကြောင်း၊ လူရာဝင်ဖို့ဆိုလျှင် စွမ်းရည်သတ္တိ၊ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်သီလနှင့် မိမိ၏ ကိုယ်၊ စိတ်၊ နှလုံးကို ထိန်းချုပ်နိုင်သောသူများဖြစ်အောင် ကြိုးစားကြဖို့လိုကြောင်း စသည့် စာပေသိမှတ်ဖွယ်ရာများ အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ ဖတ်ရှုလေ့လာခဲ့သည့် သုတရသစာပေ အကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)