ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း​စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို (၁၅ )ရက်တိုင်တိုင် ကျင်းပမည်

ငပုတော ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း​စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို (၁၉.၂.၂၀၂၃ )ရက်နေ့ (၁၃၈၄ ခုနှစ် တပေါင်းလဆန်း (၁) ရက်နေ့မှ (၅.၃.၂၀၂၃)ရက်နေ့ (၁၃၈၄ ခုနှစ် တပေါင်းလပြည့်နေ့) အထိ (၁၅) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။

မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းပင်လယ်ကမ်းခြေတွင် နှစ်စဥ်ကျင်းပမြဲ ဖြစ်သော ထင်ရှားသည့် အဆိုပါ ဘုရားပွဲတော်ကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် ယခုအချိန်မှစ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကော်မတီများဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရန်အတွက် ရေလမ်းခရီးတွင် ကမ်းရိုးတန်းရေယာဉ်များကိုလည်းကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအတွက် လေအိတ်မှန်လုံကားကြီးများ ပြေးဆွဲ၍လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုအခါ  ဘုရားဖူးလာပြည်သူများအနေဖြင့် ပုသိမ်-ငွေဆောင် ကားလမ်းရှိ မိုင်တိုင်အမှတ် (၉၅/၆) လမ်းခွဲမှ ကတ္တရာလမ်းအတိုင်း  မော်တော်ယာဉ်များဖြင့် စေတီတော်ကြီး၏ ရင်ပြင်တော်အထိ လွယ်ကူစွာ တိုက်ရိုက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း/ပြည်ပ ဘုရားဖူးခရီးသည်များ အဆင်ပြေစွာတည်းခိုနိုင်ရေးအတွက် စေတီတော်၏ အနောက်ဘက်ကမ်းခြေတွင် ဟိုတယ်များဆောက်လုပ်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဘုရားဖူးလာပြည်သူများအနေဖြင့် ဆံတော်ရှင်စေတီတော်မြတ်ကြီးကို ဖူးမျှော်ကြည်ညိုပြီး မြွေတောင်ရေချိုးဆိပ်၏ ပင်လယ်ကမ်းခြေသဘာဝ အလှအပများကို ကြည့်ရှု့ခံစားကာ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေကိုရှုရှိုက်ရင်း စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရေးတို့ကိုလည်း စီစဥ်ဆောင်ရွက်ထားကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည် ။

အောင်သူ (ပြန်/ဆက်)