ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၂

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူတက္ကသိုလ်၊ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပထမဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည့် မျိုးဆက်သစ်‌ကာယဗလမောင်နှင့် ကာယအလှမယ်များ မွေးထုတ်ပေးနိုင်ရန်၊ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးမှုနှင့် တကိုယ်ရည် သန့်ရှင်းမှုတို့ကို စနစ် တကျ တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားပြီး တက္ကသိုလ်အနုပညာအသင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြရာ ဘာသာရပ်ပေါင်းစုံမှ ကာယဗလမောင်(၅)ဦးနှင့် ကာယအလှမယ် (၁၂)ဦးတို့က ကိုယ်ဟန်ပြလမ်းလျှောက်၊ သတ်မှတ်ကိုယ်ဟန်(၄)မျိုးနှင့် စိတ်ကြိုက် ကိုယ်ဟန်(၃)မျိုးများဖြင့်  ပဏာမယှဉ်ပြိုင်ကြသည်။ 

ယင်းနောက် ပြိုင်ပွဲဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့က အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ကြပြီး ဆန်ကာတင်ရွေးချယ်ခံရသည့် ကာယဗလမောင်နှင့် ကာယအလှမယ်များအား စိတ်ကြိုက်ကိုယ်ဟန်များနှင့် သတ်မှတ် ကိုယ်ဟန်များဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်း၊ ဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။                       

ဘာမီသာ(ပခုက္ကူ)