စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတက်ရောက်ခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကြည့်ရှုအားပေး

မုံရွာ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာကန်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂုဏ်ပြုတပ်ခွဲမှအလေးပြုကြပြီး တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်အလံအား အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှ ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ခွဲမှအလေးပြုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်သူများက သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအတွင်းရှိ MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်း ပွဲတော်သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာမြို့ပါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၄ ဇုန်မှထုတ်လုပ်သည့် လူသုံးကုန်၊ အိမ်သုံးကုန်၊ စားသောက်ကုန်၊ ချည်ထည်နှင့်အထည်လိပ်၊ ပရိဘောဂ၊ ပလပ်စတစ်၊ တိုင်းရင်းဆေးဆိုင်ရာနှင့် ကျောက်အချောထည် ပြခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအတွင်းရှိ MSME ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဈေးဆိုင်ခန်းပေါင်း ၄၀ ကျော်ဖြင့်  ပြသရောင်းချသွားမည်ဖြစ်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာကန်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုရေးနေ့အလံတင် အခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုခဲ့ကြကြောင်း သိရသည်။                

တိုင်းဒေသကြီး(ပြန်/ဆက်)