လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အပျိုဖော်ဝင်လာမည့် ကျောင်းသူမိန်းကလေးငယ်များအတွက် သိမှတ်ဖွယ်ရာအကြောင်းအရာများကို အခြေခံပညာသင်ကျောင်းများမှ ဆရာမများက မိန်းကလေးငယ်များအား ကျောင်းတွင်း အသိပညာပေးဆွေးနွေးခြင်း သင်ခန်းစာတစ်ခုအနေဖြင့် ပြောဆိုသင်ကြားပေးနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူးများက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှ ၁၁ ရက်နေ့အထိ (၂)ရက်တာသင်တန်းကို ဖွင့်လှစ်သင်ကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် အပျိုဖော်ဝင်လာမည့် မိန်းကလေးများအတွက် မိန်းကလေးဘဝမှ အမျိုးသမီးဘဝသို့ စိုးရိမ်ပူပန်စိတ်မရှိဘဲ အရွယ်ရောက်နိုင်ဖို့ ရာသီသွေးပေါ်ခြင်းနဲ့ အပျိုဖော်ဝင်ချိန် အပြောင်းအလဲများအကြောင်း၊ ရာသီသွေးဆင်းချိန်တွင် သက်သာအောင်နေနည်း၊ ရာသီသွေးပေါ်ချိန် ကိုယ်တိုင်အဆင်ပြေစွာ ကျင့်သုံးနိုင်မည့်နည်းလမ်းများ၊ ရာသီသွေးပေါ်ချိန် ဂရုစိုက်ခြင်း၊ သန့်ရှင်းရေးအတွက် တစ်ခါသုံးအခုအခံပစ္စည်းများအကြောင်း၊ မိခင်များမှ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အကိုက်အခဲ သက်သာပျောက်ကင်းစေခြင်း၊ အားပြည့်ကျန်းမာစေမည့် အစားအာဟာရများအကြောင်းကို မြို့နယ်ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းနှင့် ဒေါ်မျိုးမမစိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကြီးကြပ်(၁) ဒေါ်မြင့်မြင့်ဝင်းတို့က ဆွေးနွေးရှင်းပြသင်ကြားပေးခဲ့ကြသည်။
အပျိုဖော်ဝင်လာမည့် မိန်းကလေးများအတွက် သိမှတ်ဖွယ်ရာအကြောင်း ဆွေးနွေးပို့ချမှုသင်တန်းကို မြို့နယ်အခြေခံပညာသင်ကျောင်းများမှ ဆရာမများ၊ ဘက်စုံသားဖွားဆရာမများ၊ ကျေးရွာလူထုကျန်းမာရေး စောင့်ရှောက်မှုများအတွက် Volunteer အမျိုးသမီးဝန်ထမ်း စုစုပေါင်း(၆၈)ဦးတို့က တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)