မြိတ် ဖေဖော်ဝါရီ ၁၂
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြိတ်ခရိုင် ဖိတ်ခေါ်အသက်(၂၀)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ခရိုင်အားကစားခန်းမတွင် ယမန်နေ့ ညနေပိုင်းကကျင်းပခဲ့ရာ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲမစတင်မီ တတိယလုပွဲကျင်းပရာ ရွှင်ပျော်ပျော်အသင်းနှင့် မြေနီလမ်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြေနီလမ်းအသင်းက (၂)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိ၍ တတိယရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် မြန်မာ့ဂုဏ်အသင်းနှင့် မိုးသောက်ကြယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ မိုးသောက်ကြယ်အသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများနှင့်အားကစားသမားများအား ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ရာ တတိယရရှိသောအသင်းအား လည်ဆွဲဆုများနှင့် ငွေသားဆု(၁)သိန်းကျပ်၊ ဒုတိယရရှိသောအသင်းအား လည်ဆွဲဆုများနှင့် ငွေသားဆု(၂)သိန်းကျပ်၊ ပထမရရှိသောအသင်းအား လည်ဆွဲဆုများ၊ ငွေသားဆု(၃)သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလားများကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )