မြောင်းမြမြို့၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီး၌ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ

ပုသိမ် ဖေဖော်ဝါရီ ၁၂

ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် မြောင်းမြမြို့၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့ထံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ပြည်သူများ၏ စေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၌ပြုလုပ်သည့် သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်၍ “မောင်တို့မယ်တို့သည် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာကြမှာဖြစ်ပါကြောင်း၊ မောင်မယ်တို့တွေသည် ခေတ်မီသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး မောင်တို့မယ်တို့အင်အားများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မောင်မယ်တို့အနေဖြင့် စိုက်ပျိုးရေးဒီပလိုမာများရရှိကြပြီး လုပ်ငန်းခွင်ဝင်ရောက်မည့်သူများ၊ တက္ကသိုလ်ဝင်ခွင့်ရရှိသူများဖြစ်၍ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် တောင်သူများထံ စိုက်ပျိုးရေးနည်းစနစ်များဆင့်ပွားဆောင်ရွက်ပေးကြရန်၊ မိရိုးဖလာစိုက်ပျိုးရေးနည်းစနစ်များအပြင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ စဉ်ဆက်မပြက်လေ့လာ၍ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေး ကြိုးစားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများကို ပူးတွဲဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် နိုင်ငံတော်နှင့်တောင်သူများအားထားရသော စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာစေရေးကြိုးစားဆောင်ရွက်ကြရန် ”လုပ်ငန်းခွင်ဝင် အမှာစကားများပြောကြားခဲ့ပြီး ကျောင်းဆင်းမောင်၊ မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၏ သတ္တမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာအပ်နှင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၄ ဦးအား စိုက်ပျိုးရေးဒီပလိုမာများ အပ်နှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားအားတက်ရောက်ခဲ့ရာ  မြောင်းမြမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး အားပေးစကားများပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မြို့နယ်၊ ရွှေခယ်သိရိအားကစားခန်းမ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာ မြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး အားပေးစကားများ ဆက်လက်ပြောကြားခဲသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများ လေ့လာကျက်မှတ်ရေးနည်းလမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အလားတူ အိမ်မဲမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး အားပေးစကားများ ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများ လေ့လာကျက်မှတ်ရေး နည်းလမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာရေးကိုလိုလားကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာ ဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသည် အောင်ချက်အကောင်းဆုံး ၅၂.၁၆ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ပြီး ယခုပညာသင်နှစ်တွင် ကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ပေးနိုင်သည့် အလားအလာကောင်းများရှိနေပါကြောင်း၊ ယခုပညာသင်နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း၏ နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ်ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်ဘာသာရပ်ဆိုင်ရာသိကောင်းများ ဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံမှန် ကျောင်းတက်ရက်များတွင် အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများက မိမိတို့၏သားသမီးများအား၏ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေး အခွင့်အရေးပေးရန်လိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အောင်စိတ်မွေး၍ အောင်မြင်စေရေး အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် ရိုးရိုးသားသားကြိုးကြိုးစားစား ဖြေဆိုကြရန်၊ ဘာသာရပ်များကို စနစ်တကျလေ့လာကျက်မှတ်ကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့်အောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန် ” အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်၊ဝါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်တို့တွင် ၂ ၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ကျောင်းတွင်းဖြေ ၁၁၈၈  ဦး၊ ပြင်ပဖြေ  ၁၇၈၀ ဦး၊ စုစုပေါင်း ၂၉၆၈ ဦးရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)