မြိတ် ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက် ကုန်းမြင့်သာယာတိုက်ခန်းရှိ “သင့်အတွက်” စာကြည့်တိုက် တိုက်ခန်းအသစ်ကို ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့သည်။
ဦးစွာ စာကြည့်တိုက်တွင် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်ပြီး ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာယူခဲ့ကြကာ စာကြည့်တိုက် ဆိုင်းဘုတ်အား သံဃာတော်များ၊ ရပ်မိရပ်ဖများ၊ စာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက အမှာစကားပြောကြားပြီး စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တောက်က စာကြည့်တိုက်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများလှူဒါန်းပေးကြသည့် အလှူရှင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် စာကြည့်တိုက်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံးမှ သုတ/ ရသစာအုပ်များ လှူဒါန်းပေးရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။ အဆိုပါ စာကြည့်တိုက်ကို (၂၀၁၂)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စာကြည့်တိုက်ကော်မတီဝင်(၁၇)ဦးဖြင့် စာကြည့်တိုက်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )