ပြည်မူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အကြို ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ပြည် ဖေဖော်ဝါရီ ၁၂

ယခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့အကြို ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို  ပြည်မြို့ အစိုးရမူလတန်းကြိုကျောင်း၌ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့ကကျင်းပရာ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲများကျင်းပရာ၌ နံနက် ၉နာရီတွင် အပြေးပြိုင်ပွဲ၊ ကြိုးသီ၊ အရောင်ရွေး၊ ဖိနပ်စီးနှင့် ရေပုလင်းဖြည့်ပြိုင်ပွဲစသည့် ကာယစွမ်းရည်ပြိုင်ပွဲများနှင့်  မွန်းလွဲ ၁နာရီခွဲတွင် ကဗျာရွတ်၊ ပုံပြော၊ စုပေါင်းသီချင်းဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ်များအားပြည်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့်တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုအား တာဝန်ရှိသူများက ဒိုင်အဖွဲ့ဖြင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရွေးချယ်၍  ပြိုင်ပွဲများအလိုက်  ဆုရရှိသူများကို ဖေဖော်ဝါရီ ၁၁ရက်နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)