ဒီးမော့ဆို ဖေဖော်ဝါရီ ၂၉
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ငံရိုးသာသနာပြုကျောင်း ဒက္ခိဏာရာမ ဓမ္မာရုံအတွင်း၌ ပထမအကြိမ် ကျင်းပပြုလုပ်သော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်သံဃာ့ဝန်ဆောင်၊ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျောင်း ဆရာတော်က ပဋ္ဌာန်းသိမ်း အောင်ဂါထာတော်ကို ရွတ်ဆိုပူဇော်ကာ ငံရိုးကျေးရွာ ဝတ်အသင်းက ရှစ်လုံးဘွဲ့ ရောင်ခြည်တော်ကဗျာကို ရွတ်ဆိုပူဇော်သည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်အမှူးပြုသော ပရိသတ်အပေါင်းတို့က ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ထံ ငါးပါးသီလ ခံယူ ဆောက်တည် ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူပြီး ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် အမှူးပြုသော ပရိသတ် အပေါင်းတို့က ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအတွက် ရေစက်ချတရားနာယူကြသည်။ ထို့နောက် ဒေါဘူးကူးသာသနာပြုကျောင်း ဆရာတော်မှ နတ်ဗြဟ္မာများအား ပြန်ပို့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)