ပြည် ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၏ကြီးကြပ်မှုဖြင့် ပြည်မူလတန်းကြိုကျောင်း၌ ယမန်နေ့ကကျင်းပခဲ့သည့် “၂၀၂၃ခုနှစ် မြန်မာနိုင်ငံကလေးများနေ့အကြို” လှုပ်ရှားမှု ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများတွင်ပါဝင်သော ကလေးငယ်များအား ဆုလက်ဆောင်ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက မြန်မာနိုင်ငံကလေးများနေ့ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်မူလတန်းကြိုကျောင်းတွင် ယမန်နေ့ကကျင်းပခဲ့သော မြန်မာနိုင်ငံကလေးများနေ့အကြို ပုံပြောပြိုင်ပွဲ၊ စုပေါင်းသီချင်းဆိုပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲတို့တွင် ပထမဆုရရှိသူကလေးငယ်များ၏ ရွတ်ဆိုဖျော်ဖြေမှုအစီအစဉ်များနှင့် အဆိုပါကျောင်းမှ ကလေးငယ်လေးများ၏ “စည်းလုံးချင်းအတွက်သီချင်း၊ ရွှေညာသူရွှေသား၊ ချစ်အာရုံနှင့် မောတို့ပြည်နယ်သီချင်း”တို့ဖြင့် ကပြဖျော်ဖြေမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ယင်းနောက် ပြည်ခရိုင်လူမှုဝန်ထမ်းရုံးဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် ဖိတ်ကြားထားသော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအပါအဝင် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံကလေးများနေ့အကြို" လှုပ်ရှားမှု ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ပါဝင်ခဲ့သော ကလေးငယ်များအားလုံးကို ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကလေးငယ်လေးများနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)