(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ရှောင်လမ်း၊ ရတနာရှင်ဖြူတော် (၄) စီးနှင့်ရွှေဖားစည်လမ်းဆုံအဝိုင်းတို့ကိုဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၁၂

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုအစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့သော ဘားအံမြို့အဝင်သံလွင်တံတားလမ်းဆုံမှစ၍ ရဲသာကျေးရွာ၊ ကမော့ကစင်ကျေးရွာ၊ ကရင်ပြည်နယ်၏အထင်ကရ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားတို့ကို ဖြတ်သန်း၍လှာကဒေါင်ကျေးရွာထိ ဖောက်လုပ်ထားသောဘားအံမြို့ ရှောင်လမ်းကတ္တရာလမ်းသစ်နှင့် ဘားအံမြို့အဝင် သံလွင်တံတားလမ်းဆုံတွင် ရတနာဆင်ဖြူတော် (၄)စီးပါဝင်သော ရွှေဖားစည်လမ်းဆုံအဝိုင်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က ရွှေဖားစည် လမ်းဆုံအဝိုင်းနှင့် ဘားအံမြို့ရှောင်လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ဦးစွာ ဘားအံမြို့ရှောင်လမ်းဖွင့်ပွဲကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ညွှန်ကြားရေးမှူးမြို့ပြက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘားအံမြို့ရှောင်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးကာ လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ဘားအံမြို့ ရှောင်လမ်းသစ်သည် ဘားအံမြို့အဝင် (မော်လမြိုင်ဘက်ခြမ်း) ရတနာရှင်ဖြူ (၄) စီးနှင့်ရွှေဖားစည်အဝိုင်းမှစ၍ လှာကဒေါင်ကျေးရွာထိ ၆ ဒဿမ ၄ ကီလိုမီတာရှည်လျားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ ပြည်နယ်ရန်ပုံငွေကျပ် ၇၃၅၃ ဒဿမ ၅၈၁ သန်းဖြင့် ဖောက်လုပ်ပြီးစီး၍ ယမန်နေ့ကဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခင်က သံလွင်တံတား သုံးမြှောင့်လမ်းဆုံမှ လှာကဒေါင်ကျေးရွာထိ ၂၅ ကီလိုမီတာခန့် ကွေ့ပတ်သွားလာခဲ့ရာမှ ယခုအခါ ၆ ဒဿမ ၄ ကီလိုမီသာ သွားလာရတော့မည်ဖြစ်သည့်အတွက် ၁၈ ဒဿမ ၆ ကီလိုမီတာဖြင့် ခရီးတိုတောင်း စေကာ ရန်ကုန်-သထုံဘက်မှ ဘားအံမြို့ကိုဖြတ်ပြီး လှိုင်းဘွဲဒေသဘက်သို့ သွားသောကုန်တင်ယာဉ်များ၊ လှိုင်းဘွဲဘက်မှ ဘားအံမြို့ကိုဖြတ်ပြီး သံလွင်တစ်ဖက်ကမ်း မြိုင်ကလေး-သထုံ-ရန်ကုန်ဘက်သို့သွားသော လုပ်ငန်းသုံးယာဉ်ကြီးများသည် ယခင်ကကဲ့သို့ နောင်လုံတောင်ကြားဘက်သို့ ကွေ့ပတ်သွားလာစရာမလိုတော့ဘဲ ဖြတ်လမ်းသဖွယ်အသုံးပြု နိုင်သောလမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဘားအံမြို့အဝင် (မော်လမြိုင်ဘက်ခြမ်း) လမ်းဆုံအဝိုင်း (ရတနာဆင်ဖြူတော် ၄ စီးနှင့်ရွှေဖားစည်အဝိုင်း) ဖွင့်ပွဲကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရတနာဆင်ဖြူတော် (၄)စီးနှင့် ရွှေဖားစည်အဝိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က လမ်းဆုံအဝိုင်း ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေး၍ တက်ရောက်လာသူများနှင့်အတူ ကမ္ဗည်းမော်ကွန်းနှင့် ရတနာဆင်ဖြူတော်များအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်းဘေဘီမြင့်တို့သည် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လမ်းဆုံအဝိုင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါလမ်းဆုံအဝိုင်းမှာ  အချင်း(၁၂၀) ပေ၊ ရင်ပြင်အမြင့်(၆) ပေ၊ ရင်ပြင်အကျယ်(၈၀)ပေ၊ ဆင်ဖြူတော် အမြင့်(၁၁) ပေနှင့် ရွှေဖားစည်အချင်း(၈)ပေရှိကာ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၅၀ သန်းဖြင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့အဝင် ရတနာဆင်ဖြူတော်(၄)စီးနှင့် ရွှေဖားစည်အဝိုင်းစ၍ လှကဒေါင်ကျေးရွာအထိ ဘားအံမြို့ရှောင်လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)