ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဉာဏ်ပွင့်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး၊ လူအများရှေ့တွင် ပြောရဲဆိုသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလဲ ၂ နာရီက ဉာဏ်ပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြောကြားသည်။ ယင်းနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ဦးဆောင်မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ "လူငယ်နှင့်ယဉ်ကျေးမှု "ခေါင်းစဉ်ဖြင့် Grade-11 မှ မောင်သားငယ်ဦးက လည်းကောင်း၊ " လူငယ်နှင့်စာရိတ္တ " ခေါင်းစဉ်ဖြင့် Grade-11 မှ မယွန်းငယ်ငယ်ကလည်းကောင်း၊ "လူငယ်နှင့်ကိုယ်ကျင့်တရား " ခေါင်းစဉ်ဖြင့် Grade-11မှ မနှင်းနှင်းဖြူကလည်းကောင်း၊ "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့် Grade-11မှ မောင်ညီသုတကလည်းကောင်း၊ " လူငယ်နှင့်အားကစား "ခေါင်းစဉ်ဖြင့်Grade-11 မှမခင်ဝသုန်က လည်းကောင်း၊ "လူငယ်နှင့်မူးယစ်ဆေး" ခေါင်းစဉ်ဖြင့်Grade-11 မှ မောင်မင်းထက်ဇော်ကလည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးပြောကြားမှု အကြောင်းအရာများအပေါ် သိရှိလိုသည့် မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)