အိမ်မဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) နောက်ဆုံးနှစ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၆၂၈)ဦးအား ဘာသာရပ်အလိုက် ဆရာ၊ ဆရာမ(၉)ဦးက ယနေ့နံနက် (၉)နာရီတွင် ပို့ချသင်ကြားပေးခဲ့သည်။
ထိုကဲ့သို့ သင်ကြားပို့ချလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများက အိမ်မဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) နောက်ဆုံးနှစ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ခင်ဝင်းက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဝန်ကြီးချုပ်သို့တင်ပြခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဧရာဝတီတိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးတင်လှိုင်တို့က ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် အိမ်မဲမြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ(၆၂၈)ဦးအား တွေ့ဆုံပြီး အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဆရာမကြီးက လက်ခံရယူခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ)