ဝါးခယ်မ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ ရွှေခယ်သီရိခန်းမသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ရာ အခမ်းအနားသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ (၁၀၀၇)ဦး၊ စုစုပေါင်းအင်အား(၁၀၈၇)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ(၁၁၁၈) (အတွင်းဖြေ ၄၁၇၊ ပြင်ပဖြေ ၇၀၁)ဦး ရှိသည့်အနက် အချိန်ပို တက်ရောက်သင်ကြားသူ(၄၄)ဦး၊ ကိုယ်ပိုင်အစီအစဉ်ဖြင့် ကျူရှင်တက်ရောက်သင်ကြားသူ (၁၀၇၄)ဦးတို့အား အဆင်ပြေ ချောမွေ့စွာဖြင့် စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က သင်ရိုးသစ်ပညာရေးစနစ်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ သင်ကြားလျက်ရှိရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် သင်ရိုးဟောင်း၏ နောက်ဆုံးစာမေးပွဲဖြစ်ပြီး နောက်နှစ်များတွင် သင်ရိုးသစ်စာမေးပွဲများကိုသာ ဆက်လက်ကျင်းပသွားမည်ဖြစ်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအလေးထားကြိုးစားရန် လိုအပ်ကြောင်း စသည်ဖြင့် အကျယ်တစ်ဝင့် ရှင်းလင်းပြောကြား၍ ကျောင်းသား၊ ကျောင်းသူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၁,၁၁၈,၀၀၀)ကျပ် (၁ ဦးလျှင် ၁၀၀၀ ကျပ်နှုန်း)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)