ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်  မြို့မဈေးနှင့်ယာယီပျံကျဈေးတို့၌ အသိပညာပေး ဆောင်ရွက်

ကံမ စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု  ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့မဈေးနှင့်ယာယီပျံကျဈေးတို့အတွင်း ဝင်ထွက်သွားလာကြသည့် ဈေးရောင်း ဈေးဝယ် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်   လမ်းညွှန် ချက်များအား လိုက်နာဆောင်ရွက်စေရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင် နှင့်ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်(Hand Speaker)ဖြင့် လှည့်လည်ကြေညာခြင်းကို ယမန်နေ့က အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့  လှည့်လည်ကြေညာရာတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်    တားဆီးနိုင်ရေး အတွက်  ဈေးအတွင်းဝင်ရောက်သူတိုင်း   နှာခေါင်းစည်း(Mask)    စနစ်တကျ မဖြစ်မနေ တပ်ဆင်ပြီးမှ  ဝင်ရောက်ကြရန်၊  ဈေးအဝင်ပေါက်များတွင်  စီစဉ်ဆောင်ရွက်ပေးထားသည့် လက်ဆေးဘေစင်များတွင်  လက်ဆေးကြရန်၊  ဈေးသည်များအနေဖြင့် နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာ(Face Shield)တို့ကို  မဖြစ်မနေ တပ်ဆင်ထားကြစေပြီး   လက်သန့်ဆေးရည်ဖြင့်   မကြာခဏ       လက်ဆေးသန့်စင်ကြရန်၊ သတ်မှတ်ပေးထားသောနေရာများတွင် စည်းကမ်းတကျ ဈေးရောင်းချ ကြရန်၊ ခေါင်းဆိုးနေသူ ဖျားနာ နေသူ    လတ်တလော အနံ့မရသူများ ဈေးအတွင်းသို့ လုံးဝ(လုံးဝ)ဝင်ရောက်ခြင်းမပြုရန်     စသည်ဖြင့် ကြေညာခဲ့ကြပြီး အသိပညာပေး နံရံကပ်ပိုစတာများကိုလည်း ချိတ်ဆွဲထားရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)